Young Woman using PC while working with customer in a restaurant

SME ဆိုတာနဲ့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Small and Medium Business) သို့မဟုတ် Enterprise ပါဘဲ၊၊ ကမ္ဘာ့စီးပွားရေးထိပ်သီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်တို့ ဂျပန်တို့မှာတောင် SME လုပ်ငန်းတွေဟာ သူတို့နိုင်ငံကုမ္ပဏီစုစုပေါင်းအရေအတွက်ရဲ့ ၉၉.၉% နဲ့ ၉၉.၇ရာခိုင်နှုန်းအသီးသီးရှိပြီး၊ တမျိုးသားလုံးထုတ်ကုန် GDP ရဲ့ တဝက်ခန့်ကို တိုင်းပြည်အတွက် ဝင်ငွေရစေပြီး၊ ၎င်းတို့ တိုင်းပြည်မှာ အလုပ်လုပ်သူ အားလုံးရဲ့ သုံးပုံနှစ်ပုံကို အလုပ်အကိုင်ပံ့ပိုးနိုင်ခဲ့လို့ အရမ်းအရေးကြီးတဲ့ ကဏ္ဍဆိုရင် မမှားပါဘူး။ 

စီးပွားရေးအမျိုးအစားကွာခြားပေမဲ့ SME အများစုရဲ့ တူညီတဲ့အချက်က ငွေအရင်းအနှီးနဲ့ ဝန်ထမ်းအရင်းအမြစ် တွေအကန့်အသတ်ရှိကြပါတယ်။ ကြိုးစားမှုကြောင့် ဖေါက်သည်နဲ့ ဝယ်လိုအားတိုးများလာရင် ထုတ်လုပ်နိုင်စွမ်းကို ချက်ခြင်းတိုးမြင့်နိုင်ဖို့ အခက်အခဲပေါင်းစုံ  ကြုံရတတ်ပါတယ်။ ဝန်ထမ်းတချို့ရဲ့ ကျွမ်းကျင်မှုကိုသာ အားကိုးရပြီး စနစ်မရှိလို့ နောက်လူက လိုက်မလုပ်တတ်တာကြောင့် နေမကောင်းဖြစ်လို့ အလုပ်မလာရင်ဖြစ်ဖြစ် အလုပ်ထွက်သွားရင်ဖြစ်ဖြစ် ကျန်လူတွေက ဝင်လုပ်ဖို့ ခက်ခဲရပါတယ်။ အများစုမှာ ကုန်မှားပို့မိလို့၊ စာရင်းမနိုင်လို့၊ ငွေမသိမ်းမိတာတို့၊ ကုန်လက်ကျန်ချက်ချင်းမသိလို့ ကြိုမမှာမိတာတို့၊ အခွင့်အလမ်းတိုးရှာဖို့ လမ်းကြောင်းမရှိတာတို့၊ မလိုအပ်ဘဲ စရိတ်တက်နေတာတို့၊ ဝန်ဆောင်မှု အရည်အသွေး မထိန်းနိုင်တာတို့၊ ဖေါက်သည်ရဲ့ ဝယ်ယူပုံစံကို ခန့်မှန်းချက်လွှဲတာတို့ စတဲ့ ပြဿနာတွေကိုလည်း အနည်းနဲ့အများ ကြုံနေကြရပါတယ်။

SME DX 2020

   SME လုပ်ငန်းများအောင်မြင်အောင် နည်းပညာအသုံးပြုပြီး ဘာတွေကို ဖြေရှင်းပြီး ဆောင်ရွက်လိုက်ရင် ဘယ်လိုအဆင်ပြေတိုးတက်လာမယ်ကို အဓိကထားဆွေးနွေးသွားပါမယ်။ လုပ်ငန်းတွေကို လွယ်ကူလျှင်မြန်စေမဲ့ နည်းပညာ စနစ်တွေကိုသိရှိဖို့၊ ဒီစနစ်တွေရဲ့ အသုံးပြုပုံနဲ့ အကျိုးရှိပုံကို သိရှိဖို့နဲ့ အားသာချက် အားနည်းချက် ကွာခြားပုံကို သိရှိနိုင်ဖို့အတွက် ဆက်လက် တင်ပြသွားပါမယ်။

(၁) ရောင်းအားသည်အသက်

   ပိုင်ရှင်တွေ၊ မန်နေဂျာတွေက စီးပွားရေးလုပ်ငန်း တစ်ခုရပ်တည်နိုင်ဖို့အတွက် လတိုင်းအပါတ်တိုင်းနေ့တိုင်း စောင့်ကြည့်နေရတဲ့အရာကတော့ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု ရောင်းရငွေပါဘဲ။ ဖေါက်သည်ဆီက အမှာစာကို ရဖို့ (sale order)၊ အမှာစာတစ်ခုဆီမှာ လိုအပ်တာ ပြင်ဆင်ဖို့ ပေးပိုဖို့ (production, delivery note)၊ ဖေါက်သည်အသစ်ရှာဖို့ လက်ရှိဖေါက်သည်ကို ထိမ်းထားဖို့ (CRM)၊ Quotation ဈေးနှုန်း ပေးပို့ဖို့၊ invoice ငွေတောင်းခံဖို့ ၊ cash collect ငွေကောက်ခံဖို့၊ account receivable အကြွေးကောက်ဖို့ စတဲ့ အရောင်းနဲ့ပါတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို စည်းချက် ကျကျလုပ်နိုင်ဖို့အပြင် အရောင်းအဖွဲ့သားအချင်းချင်းညှိနိုင်းနိုင်ဖို့၊ ထုတ်လုပ်ရေး စာရင်းကိုင် စတဲ့ ပတ်သက်သူများနှင့် ဆက်သွယ်ဖို့အတွက် အပိုအလိုမရှိ နေ့တိုင်းလုပ်ဆောင်နေရပါတယ်။ ဒါ့အပြင် တာဝန်ပေါ်မူတည်ပြီး ရီပို့ အစီရင်ခံစာ ရေးဖို့၊ တိုးတက်မှု စီစစ်ဖို့၊ ပြဿနာအရင်းအမြစ်ရှာဖို့၊ နောက်လအတွက် ပြင်ဆင်ဖို့စတဲ့ အလုပ်တွေဟာ စီးပွားရေးလုပ်ငန်းတိုင်းမှာ ရှိပါတယ်။

အရောင်းအထောက်အကူပြု စနစ်များ

အရောင်းအထောက်အကူပြု စနစ်များ

ခုနကပြောသွားတဲ့ အလုပ်တွေ လုပ်ငန်းဆောင်တာတွေအားလုံးကို ကူညီဖြေရှင်းနိုင်တဲ့ IT စနစ်တွေရှိပါတယ်။ printer နဲ့ စလစ်ထုတ်ရင် လက်နဲ့ ရေးတာထက် ပိုပြီးသပ်ရပ်တာလူတိုင်းမြင်သိနေတာပါ။  IT စနစ်ကို သုံးစွဲခြင်းဖြင့် တခါထည့်ထားရင် အကြိမ်ကြိမ်ပြန်ရေးရန်မလိုခြင်း၊ ရှာရန်မြန်ခြင်း၊ ပေါင်းနုတ်မြောက်စား ရာခိုင်နှုန်း၊ ပျှမ်းမျှတွက်ခြင်း စတဲ့ အတွက်အချက်တွေမှာ ချက်ချင်းအဖြေရခြင်း၊ လချုပ်စာရင်းများကို ဘားဂရပ် ပုံဖေါ်မှုတွေနဲ့ သိသာမြင်သာအောင်ပြနိုင်ခြင်း၊ ရီပို့တွေကို နှစ်အလိုက် လအလိုက် အပတ်လိုက် လိုသလိုထုတ်ကြည့် နိုင်းယှဥ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။ ဖေါက်သည်၊ ဝယ်အား စတဲ့အခြေအနေတရပ်ပေါ်ကြည့်ပြီး ဈေးပေးရတဲ့ လုပ်ငန်းတွေမှာ ဘယ်တုန်းက ဘယ်သူ့ကို ဘယ်လောက်နဲ့ ဈေးဖွင့်ပေးထားထာ၊ ဘယ်အရောင်းကိုယ်စားလှယ်က တာဝန်ယူတာ ရောင်းလိုက်ရတယ် မရဘူးစတာတွေကို စနစ်တကျ အချိန်နဲ့တပြေးညီမြင်နိုင်တာမို့ အလုပ်ပိုဖြစ်စေတယ်။  ဖေါက်သည်တွေကို loyalty program တွေနဲ့ ပွိုင့်တွေပေးစုထားပြီး ကိုယ်ဆီဘဲပြန်လာအောင်၊ အတွေ့အကြုံကောင်းရအောင် followup, review တောင်းတာတွေလုပ်ပြီး ဝန်ဆောင်မှုကောင်းအောင် ဆက်လုပ်နေနိုင်လို့ ပြိုင်ဘက်နဲ့ ယှဥ်ပြိုင်ရင် အားသာချက် ရစေနိုင်ပါတယ်။ ဒီလောက်နမူနာတွေနဲ့တင် IT စနစ်ကို သုံးရင် ပိုရောင်းရမယ်ဆိုတာ ငြင်းမရတော့လောက်အောင်မှန်နေပါပြီ။

(၂) နေ့စဥ် လုပ်ငန်းတွေကို စီမံခန့်ခွဲရခြင်း၏ စိန်ခေါ်မှု

   ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှု၊ ဖြန့်ချီရေး၊ လက်လီရောင်းဝယ်ရေး၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ပညာရေး၊ ငွေကြေးနှင့် အာမခံ၊ ဖျော်ဖြေရေး စတဲ့ လုပ်ငန်းသဘာဝပေါ်မူတည်ပြီး နေ့စဥ် လုပ်နေရတဲ့ operation တွေကွာတတ်ပါတယ်။ လုပ်ရတာကွာတယ်ထင်ရပေမဲ့  စီမံခန့်ခွဲမှု ပညာရပ်ကနေ ကြည့်ရင်တူညီတာတွေရှိပါတယ်။ စီးပွားရေးအမျိုးအစားကွာခြားပေမဲ့ HR, Accounting, attandance payroll, Inventory control စတဲ့ လုပ်ဆောင်မှုတွေဟာ  လုပ်ငန်းတော်တော်များများမှာ ပါနေပြီး စနစ်ကျဖို့၊ စွမ်းဆောင်ရည်တက်ဖို့၊ အရည်အချင်းရှိဖို့ဆိုတဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေကို ဘုတ်အဖွဲ့တွေ GM တွေက ချမှတ်နေကျဆိုတော့ မန်နေဂျာတွေ၊ ကြီးကြပ်ရေးမှူး၊ အကြီးတန်း ဝန်ထမ်းတွေအတွက် စိန်ခေါ်မှုတွေပြည့်နေတဲ့ ကဏ္ဍပါဘဲ။ 

PoS - Point of Sales in a Shop

   နေ့စဉ်တွေ့ကြံဖြတ်သန်းနေရတဲ့ အလုပ်တွေကိုမှ ပိုပြီးစွမ်းဆောင်ရည် တက်အောင်လုပ်ပြနိုင်ဖို့အတွက် IT နည်းပညာတွေနဲ့ ဘယ်လိုပေါင်းစပ်အသုံးပြုနိုင်သလဲဆိုတာ တင်ပြပေးသွားပါမယ်။ ကောင်းမွန်တဲ့ HR စနစ်တစ်ခုမှာဆိုရင် အလုပ်တက်ချိန်၊ အလုပ်ဆင်းချိန်စတဲ့ attendance တင်မက တယောက်နဲ့တယောက်မတူညီတဲ့ employment contract တွေ ကိုယ်ရေးအချက်အလက်တွေကို ထိန်းသိမ်းနိုင်ပြီး၊ တနေ့တာ လုပ်ဆောင်ချက် timesheet၊ report ပြီးလား၊ ကျွမ်းကျင်မှု မှတ်တမ်း၊ သင်တန်းမှတ်တမ်း၊ bonus အစီအစဥ်၊ performance review တွေကို လုပ်နိုင်ပါတယ်။ ဒါ့အပြင် HR System ဆိုတာ ဝန်ထမ်းထိန်းသိမ်းရုံတင်မကဘဲ စီးပွားရေးလုပ်ငန်းအတွက် အရေးကြီဆုံးအရင်းအနှီး တစ်ခုဖြစ်လို့ Human capital development ကိုဖော်ဆောင်နိုင်တဲ့ skill development ပါဝင်တဲ့ စနစ်တစ်ခုပဲဖြစ်ပါတယ်။ ကိုယ်တိုင်ခွင့်တိုင်တဲ့စနစ်၊ အဆင့်ဆင့်ခွင့်ပြုချက်ရယူတဲ့စနစ်၊ လမ်းစရိတ်စတဲ့ ကုန်ကျစရိတ်ကိုတင်တဲ့ စနစ်အပြင် ကုန်ကျစရိတ်ကို ငွေပမာဏပေါ်မူတည်ပြီး အထက်လူကြီးဆီက အတည်ပြုချက်ကို အနည်းဆုံး ၂ယောက်ယူရမယ်၊ ၁ယောက်ယူရင်ရပြီ၊  ယူစရာမလို စတဲ့ မူသတ်မှတ်ပြီး အလိုအလျောက် လုပ်နိုင်တဲ့စနစ်ကိုပါ တိုးချဲလို့ရသေးတယ်။ အချိန်ကုန်သက်သာလို့ အကျိုးရှိပြီး အဆင်ပြေထိရောက်မဲ့ စနစ်တွေပါဘဲ။

   ကုန်လက်ကျန်ကိစ္စ ပြောရအောင်။ ကုန်လက်ကျန်စရင်းဟာ စတိုတခုထဲ ဝင်ပြီးထွက်ပေါက်က တစ်နေရာတည်းဆိုရင်တော့ စာအုပ်နဲ့မှတ်နေလည်းအဆင်ပြေသေးတယ်။ လုပ်ငန်းကြီးလာတာနဲ့အမျှ ဆိုင်ခွဲ စတိုခွဲတွေ တိုးလာမယ်၊ စတို နေရာတိုးချဲ့မယ်၊ ကုန်ပစ္စည်းဝင်ရာလမ်းကြောင်း ပေးပို့ပေးရမဲ့နေရာတွေများလာမယ် ကုန်ပစ္စည်းတွေလည်း ဆင်တူ အချက်ကွဲတွေများလာပြီး လူရဲ့အတွေ့အကြုံကိုမူတည်တဲ့ စနစ်ဟာ Bar code စက်ဖတ် ကွန်ပျူတာမှတ်တဲ့ စနစ်လောက်တော့ မတိကျနိုင်တော့ပါဘူး။ ဆိုင်ခွဲများလာတဲ့အမျှ တခြားတနေရာရှိ ဆိုင်ရှိလက်ကျန်ကို သိပြီး ရွေ့နိုင်ရင် ရောင်းဖို့ အခွင့်အရေးပိုရမယ်။ ဆိုင်ခွဲ၊ စတို နေရာရွေ့တာများလာရင် IT စနစ်က တော်ရုံစနစ်တောင်မဟုတ်တော့ဘဲ စင်လိုင်းအမှတ်၊ အထပ်၊ ပုံးနံပါတ်တို့၊ FIFO အရင်ရောက်တဲ့ ပစ္စည်းအရင်ရောင်းဖို့တို့၊ Batch control, တန်ဖိုးကြီး ပစ္စည်းဆိုရင် စီရီယာနံပါတ်နဲ့ မှတ်တာတို့ ပစ္စည်းအဝင်အထွက်ကို bar code ပါတဲ့ ကုန်ထုတ်မှတ်တမ်းနဲ့ တိုက်စစ်တာတို့ကိုပါ စီမံခန့်ခွဲတဲ့အလုပ်ကို အမှားအယွင်းမရှိ လုပ်နိုင်မှာပါ။ ဒီလိုရှုပ်ထွေးမှုမရှိခင်ကတည်းက ITစနစ်ကို သုံးထားရင် အမှားနည်းပြီး လူအင်အားနည်းနည်းနဲ့ ကြီးထွားဖို့အဆင်သင့်ဖြစ်လို့ ပိုထိရောက်  ပိုအားသာမှာဘဲ။

   လုပ်ငန်းတိုင်းကသုံးနေရတဲ့ စာရင်းကိုင် ဆော့ဝဲလ်လေးတွေနဲ့ဆို အရောင်း၊ စရိတ်၊ ပေးရန် ရရန် အကြွးစာရင်း၊ လစာ၊ purchase အဝယ်တွေကို စနစ်တကျမှတ်ထားရင် အရှုံးအမြတ်စာရင်းကို နေ့တိုင်း အချိန်နဲ့တပြေးညီ ကြည့်လို့ရနေမယ်။ လုပ်ငန်းသဘာဝပေါ်မူတည်ပြီး လစာကို အချိန်ပို ပါတွက်ပေးဖို့၊ ညပိုင်းဈေးက ပိုရတာတို့၊ အလုပ်ပြီးမြောက်မှု ရှိမရှိ စစ်ဆေးမှုထပ်ချိတ်တာတို့၊ လူမှုဖူလုံရေး ထည့်ဝင်ငွေနှုတ်ယူပေးဆောင်တာ၊ ဝင်ငွေခွန် လစဥ်ထမ်းဆောင်တာ၊ အသက်အာမခံ ပရီမီယံကြေးကို ထည့်တွက်တာတို့ကို တခါတည်းလုပ်လို့ရလို့ အရမ်းအဆင်ပြေပြီး စီမံခန့်ခွဲရတဲ့ အက်တမင် နဲ့ စာရင်းကိုင်တွေလည်း အချိန်ကုန်သက်သာ အလုပ်ထိရောက်၊ ဝန်ထမ်းလည်းစိတ်အေးရ၊ ပိုင်ရှင်လည်း စရိတ်သက်သာပြီး အောင်မြင်စေမှာဖြစ်ပါတယ်။

young man using his laptop

Technology help business

   စနစ် ရှိတာက ပိုကောင်းတယ်ဆိုတာ ငြင်းမရပါဘူး။ စနစ်တွေ သုံးရင် စရိတ်ရှိမယ်၊ စရိတ်နဲ့ အကျိုးအမြတ်ကို ချိန်ထိုးဖို့ လိုမယ်။ နည်းပညာ ပါလာတဲ့အတွက် သုံးရလွယ်တဲ့ စနစ်ဖြစ်ဖို့နဲ့ တောက်လျှောက်မိမိက အားကိုးလို့ ရမဲ့ ရေရှည်ဖြစ်မဲ့ စနစ်လားဆိုတာ စဥ်းစားသင့်ပါတယ်။ လုပ်ငန်းနယ်ပယ်မှာ အောင်မြင်မှုအထိုက်အလျာက်ရှိပြီး လက်တွေ့ကျကျ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်ဆီက   အကြံအဥာဏ်ရယူ တိုင်ပင်သင့်ပါတယ်။  ရွေးချယ်တဲ့နေရာမှာ မိမိလုပ်ငန်း သဘောသဘာဝကို ပေါ်လွင်စေတဲ့ အတွေ့အကြုံတွေ ကိုလည်းကြည့်ရမှာပါ။ လုပ်ငန်းဟာ ကုန်ထုတ်လုပ်ငန်းဆိုရင် inventroy ကုန်ကြမ်း၊ ကုန်ချောထိန်းစနစ်သာမက အရွယ်အစားပေါ်မူတည်ပြီး product lifecycle ကို စီမံခန့်ခွဲဖို လိုတာမျိုး ရှိနိုင်တယ်။ ဝန်ဆောင်မှု ပြုပြင်ရေးလုပ်ငန်းဆိုလည်း ကာစတမ်မာ နေရာမှာ သွားပြင်ရတာမျိုး သုံးလိုက်တဲ့အစိတ်အပိုင်းအပိုပစ္စည်းတွေကို ငွေတောင်းခံလွှာမှာ ထည့်တောင်းရန်တမျိုးတွေ ရှိနိုင်တယ်။ စနစ်တွေက အချင်းချင်းချိတ်ဆက်လို့ ရတာမျိုးဖြစ်မှ လုပ်ဆောင်ရတာ သက်သာမြန်ဆန်မှာ ကိုလည်း စဥ်းစားထားသင့်ပါတယ်။ လိုချင်တာတွေမှန်သမျှ ရှာလို့ ရတယ်၊ develop ရေးပေးလို့ရပေမဲ့ ကုန်ကျစရိတ် နဲ့ အချိန်ကို​တော့ ညှိနှိုင်းချိန်ထိုးပြီး မရှိမဖြစ်လိုအပ်မယ့်အရာကို  သတ်မှတ်အချိန်နဲ့ စရိတ်အတွင်းမှာ အရင်ဆုံးဖေါ်ဆောင်ဖို့တော့ လိုမှာဖြစ်ပါတယ်။

 

   နောက်ထပ် စိန်ခေါ်မှုတွေကို IT နဲ့ ဘယ်လိုကျော်လွှားပြီး ပိုမိုထိရောက်တဲ့ လုပ်ငန်းဖြစ်အောင် ဆက်သွယ်ရေးတွေ၊ အင်တာနက်တွေနဲ့ ဘယ်လိုဖော်ဆောင်မယ်ဆိုတာ နောက်အပါတ်မှာ ဆက်လက် ရေးသားဦးမှာမို့ ဆက်ဆက်ဖတ်ပေးကြပါဦးခင်ဗျာ။