CERP Covid Economic Recovery Plan ကို အကောင်အထည်ဖေါ်နိုင်ဖို့ မေ ၂၀ ရက် ၂၀၂၀ မှာ E-commerce လုပ်ငန်းရှင်များ၊ ဘဏ်များနဲ့ Pay ကုမ္ပဏီများနဲ့ စီးပွားကူးသန်းဝန်ကြီးဌာနတို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ အများဆုံးပြောဖြစ်တဲ့ အကြောင်းအရာကတော့ ဒစ်ဂျစ်တယ်ငွေပေးချေနည်းလမ်း အမျိုးအစား အများအပြားရှိနေပြီး တစ်ခုနဲ့ တစ်ခု ချိတ်ဆက်မှု မရှိလို့ လက်ခံရသူ လုပ်ငန်းများက အခက်အခဲ ရှိတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

ငွေပေးချေမှုလုပ်ငန်းရော ဒစ်ဂျစ်တယ် စီးပွားရေး လုပ်ငန်း နှစ်မျိုးလုံးကို မြန်မာပြည်မှာ ဦးဆောင်လုပ်ကိုင်ဖူးသူ တစ်ယောက်အနေနဲ့ အဲဒီအခက်အခဲကို ဖြေရှင်းနိုင်မယ့် နည်းလမ်းများကို ဆွေးနွေးခဲ့ပြီး အဲဒီ ဆွေးနွေးချက်ကို အခြေခံပြီး ဒီနေရာမှာ နည်းနည်းပိုပြီး အသေးစိတ်ပြောပါရစေ။

မစခင်မှာ အရင်ဆုံးပြောချင်တာကတော့ ဒစ်ဂျစ်တယ်ငွေပေးချေနည်းလမ်း အမျိုးအစား အများအပြားရှိနေတယ်ဆိုတာ ဒစ်ဂျစ်တယ်စီးပွားရေးတွေအတွက် အဓိက မဏ္ဍိုင်တစ်ခုဖြစ်တဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှု နယ်ပယ်မှာ သုံးနှစ်ကျော်ကာလအတွင်း ဖြစ်လာတဲ့ အင်မတန်သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတစ်ခုပဲ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ပြည်တွင်းအွန်လိုင်းဝယ်ယူမှုတွေအတွက် ဒစ်ဂျစ်တယ်နည်းနဲ့ ငွေပေးချေတဲ့အခါမှာ

၁။ MPU Card နဲ့ ပေးချေခြင်း

ဘဏ်စာရင်းဖွင့်ထားသူတစ်ယောက်အနေနဲ့ MPU ကတ်ကို E-commerce သုံးဖို့ မှတ်ပုံတင်ပြီးတဲ့ အခါမှာတော့ အွန်လိုင်းပေါ်က ဝယ်ယူတဲ့ အခါ MPU ကတ်ပေါ်က အချက်အလက်များကို ဖြည့်သွင်းပြီး ပေးချေနိုင်ပါတယ်။
အဲဒီလို ပေးချေတာကို လက်ခံနိုင်ဖို့ လုပ်ငန်းရှင်က MPU E-Commerce Payment Gateway ဝန်ဆောင်မှုပေးတဲ့ဘဏ်တစ်ခုခုမှာ စာရင်းဖွင့်လှစ်ပြီးလက်ခံနိုင်ပါတယ်။လိုအပ်တဲ့ ပရိုဂရမ် ချိတ်ဆက်မှုတွေကိုတော့ လုပ်ရမှာဖြစ်ပါတယ်။
MPU စနစ်ကတော့ ချိတ်ဆက်မှု အရှိဆုံးစနစ်ဖြစ်ပါတယ်။ လုပ်ငန်းရှင်က မိမိ အဆင်ပြေရာ ဘဏ်တစ်ခုမှာပဲ စာရင်းဖွင့်စရာလိုပြီး ဘယ်ဘဏ်ရဲ့ MPU ကတ်ကို သုံးစွဲသူက ပေးချေတာကို လက်ခံနိုင်ပါတယ်။
ဖြေရှင်းရန်နည်းလမ်း။မလိုအပ်ပါ

၂။ Online Banking/ Mobile Banking တို့မှ ငွေလွှဲခြင်း

ကတ်ကို မသုံးပဲ လုပ်ငန်းရှင်ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းထဲကို အွန်လိုင်း သို့မဟုတ် မိုဘိုင်းဘဏ်စနစ်ကနေ ငွေလွှဲခြင်းဟာတော့ အခု လောလောဆယ်မှာ အသုံးအများဆုံးငွေပေးချေမှုပုံစံဖြစ်ပါတယ်။ လောလောဆယ် ဘဏ်များရဲ့ အွန်လိုင်း သို့မဟုတ် မိုဘိုင်းဘဏ်စနစ်တွေက မိမိရဲ့ ဘဏ်မှာရှိတဲ့ စာရင်းအချင်းချင်းပဲ လွှဲပြောင်းနိုင်ပါတယ်။ ပရိုဂရမ် ချိတ်ဆက်မှု လုပ်ဆောင်ရန် မလိုပါ။
ဒါကြောင့် လုပ်ငန်းရှင်က ဘဏ်တစ်ခုမက စာရင်းဖွင့်ထားဖို့ လိုအပ်ပါတယ်။
ဖြေရှင်းရန်နည်းလမ်း။​ ဘဏ်များရဲ့ အွန်လိုင်း သို့မဟုတ် မိုဘိုင်းဘဏ်စနစ်တွေက အခြားဘဏ်တွေကို ငွေလွှဲနိုင်အောင် ထည့်သွင်းပေးဖို့လိုပါတယ်။ အဲဒီလို လုပ်နိုင်ဖို့ ဗဟိုဘဏ်ကနေ CBM Net စာရင်းရှင်းလင်းစနစ်ရှိသလို MPU ကလည်း Card to Card Transfer စနစ်ကို အကောင်အထည့်ဖေါ်ထားပြီးဖြစ်လို့ ဘဏ်တွေအနေနဲ့ အမြန် အကောင်အထည် ဖေါ်ဖို့သာလိုပါတယ်။

၃။ Mobile Wallet များဖြင့် ပေးချေခြင်း

အလျင်အမြန်တိုးတက်လာမယ့် ပေးချေမှုစနစ်ကတော့ QR ကုတ်သုံး Mobile Wallet များဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အချင်းချင်းပဲ ပေးလို့ရပါတယ်။ လက်ခံသုံးစွဲဖို့အတွက် ပရိုဂရမ် ချိတ်ဆက်မှု လုပ်ထားနိုင်သလို မလုပ်ဘဲလဲ သုံးလို့ရပါတယ်။
အချင်းချင်းပဲ ပေးလို့ရတဲ့ အတွက် လုပ်ငန်းရှင်က Mobile Wallet တစ်ခုမက စာရင်းဖွင့်ထားဖို့ လိုအပ်ပါတယ်။
ဖြေရှင်းရန်နည်းလမ်း။​ ဗဟိုဘဏ်က မေလ ၅ ရက်နေ့ နေ့စွဲနဲ့ National Real-Time Retail Payments System and QR-code Generation and Repository Systems တည်ဆောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါက စံ QR စနစ်ကို သုံးစွဲပြီး Mobile Wallet တစ်ခုကနေတစ်ခု ငွေပေးချေနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို စနစ်တစ်ခု တည်ဆောက်တာဟာ လ အနည်းငယ်အတွင်းပြီးနိုင်တာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် MMQR လို့ခေါ်တဲ့ မြန်မာ QR စံ လို စံတစ်ခု ကို Mobile Wallet များကအရင်ဆုံးလိုက်နာ အကောင်အထည် ဖေါ်မယ်ဆိုရင် Mobile Wallet တစ်ခုကနေတစ်ခု ငွေပေးချေနိုင်မှာပဲ ဖြစ်ပါတယ်။ စာရင်းရှင်းလင်းမှုကိုတော့ ဘဏ်များနဲ့ချိတ်ဆက်ပြီး (Mobile Wallet များဟာ ဥပဒေအရ ဘဏ်နဲ့ မဖြစ်မနေ ချိတ်ဆက်ထားရပါတယ်) လက်ရှိ CBM Net ဒါမှမဟုတ် MPU ရဲ့Card to Card Transfer စနစ် ကို သုံးစွဲနိုင်ပါတယ်။

အနှစ်ချုပ်ရမယ်ဆိုရင်တော့ ဒစ်ဂျစ်တယ်ငွေပေးချေနည်းလမ်း အမျိုးအစား တွေ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်မှု ရှိဖို့အတွက်က အခြေခံအဆောက်အဦးတွေ အဆင်သင့် ရှိနေပြီးသားမို့ အရမ်းခက်ခဲတဲ့ ကိစ္စမဟုတ်ပါ။ အတွေအကြုံရှိသူ အနေနဲ့ ပြောရရင် ရက်ပေါင်း ၉၀ အတွင်းမှာ သုံးစွဲသူလက်ထဲကို ထည့်နိုင်ပါတယ်လို့ တင်ပြပါရစေ။

WRITTEN BY
Nyein Chan Soe Win
Nyein Chan Soe Win
This article was published in Medium.com and nyeinchan.com.
This is a replica of the published article, republish with approval from author.